စိုင်
ပြင်ပလက္ခဏာ
ဦးခေါင်းပိုင်းနှင့် ခန္ဓာကိုယ်ပိုင်း အရှည် ၂.၄-၂.၈ မီတာရှိသည်။ အမြီး ၆၀-၈၀ စင်တီမီတာရှည်သည်။ လယ်ယာလုပ်ကိုင်ရန်မွေးမြူထားသည့် နွားများနှင့် အရွယ်အစားရော ပုံသဏ္ဍာန်ပါ ဆင်တူသည်။ သို့ရာ တွင် စိုင်တို့တွင် ခြေတန်တိုသကဲ့သို့ရှိပြီး တော တောင်၊ လျှိုမြောင်များကြားတွင် ပြေးလွှားသွားလာ နေရင်း ကြီးမားခိုင်ခန့်သည့် ခန္ဓာကိုယ်ကို အခြေ မပျက် မချီထားနိုင်ရန် ခြေထောက်များ လွန်စွာ သန်မာတုတ်ခိုင်သည်။ ခန္ဓာကိုယ်အရောင်မှာ အထီး များ၌ အနက်ရောင်သန်းသော်လည်း ယေဘုယျ အားဖြင့် နီဝါရောင်တောက်တောက်ဖြစ်သည်။ တင်ပါးနောက်ပိုင်းမှာ သိသိသာသာအဖြူရောင် ဖြစ်နေသည်။ ခြေထောက်များတွင် ဒူးဆစ်မှသည် ခွာနားထိ အဖြူရောင်ဖြစ်သည်။ အထီးများသည် အမများထက် ခန္ဓာကိုယ်အရွယ်အစား ပို၍ ကြီးမား သကဲ့သို့ ဦးချိုလည်းကြီးမားသည်။ အမ၌ ချိုရှိသော် လည်း သေးငယ်သည်။ စိုင်၏ ဦးချိုသည် ခပ်သွယ် သွယ်ရှိ၍ ဘေးဖက်သို့ကားပြီးမှ မျက်နှာရှေ့ဖက်သို့ ကားကာ ရှေ့သို့ အနည်းငယ်ကွေးသည်။
ဓလေ့စရိုက်
နံနက်စောစော အာရုဏ်တက်ချိန်မှစ၍ နေအပူချိန်မြင့်လာသည့်အချိန်ထိ အစာရှာစားနေလေ့ ရှိသည်။ နေ့လယ်ပိုင်းမှ ညမျိုးချုပ်သည်ထိ လဲလျောင်း၍ နားနေတတ်သည်။ စိုင်တို့သည် အုပ်စု လိုက်နေတတ်ပြီး အုပ်စုတစ်စုလျှင် ၁၀ ကောင်မှ ၁၅ ကောင်ထိ ရှိသည်။ အထီးတစ်ကောင်က အုပ်စုကို ဦးဆောင်လေ့ရှိသည်။ သက်ကယ်ပင်မျိုးကို ကြိုက်နှစ်သက်သည်။ ဝါးရွက်နုများ၊ မျှစ် နှင့် လက်ပံပွင့်တို့ကိုလည်း စားလေ့ရှိသည်။
နေထိုင်ရာပတ်ဝန်းကျင်
ရွက်ကြွေတော၊ ရွက်ပြတ်တော၊ အင်တိုင်းတောတို့တွင် နေထိုင်သည်။ ကွင်းပြင်ကျယ်နှင့် မြက်ခင်းများရှိရာအရပ်ကို ကြိုက်နှစ်သက်ပြီး သစ်ပင်ထူထပ်သည့်တောင်ပေါ် အမြဲစိမ်းတော များကို ရှောင်ဖယ်သည်။ သို့ရာတွင် စားကျက်ကွင်းပြင်နှင့် မြက်ခင်းများရှိပါက တောင်ပေါ် ခြောက်သွေ့သစ်တောများအတွင်း နေထိုင်သည်။