Skip to main content

ဂဏန်းစားမြွေပါ

ပြင်ပလက္ခဏာ 

ဦးခေါင်းပိုင်းနှင့် ခန္ဓာကိုယ်ပိုင်း အရှည် ၄၄-၄၈ စင်တီမီတာ ရှိသည်။ အမြီးမှာ ၂၆-၃၁ စင်တီမီတာ ရှည်သည်။ အရွယ်ကြီးသည့်  မြွေပါမျိုးဖြစ်၍ ခန္ဓာ ကိုယ် အမွှေးရောင်မှာ အညိုနက်ရောင် သို့မဟုတ် မွဲပြာရောင်ဖြစ်သည်။ အမွှေးတစ်ချောင်းစီတွင် အဖြူ ရောင်အရစ်နှင့် အမည်းရောင်အရစ် တစ်ကျော့စီ ရစ်ပတ်လျက်ရှိသည်။ အမွှေး အနည်းငယ် ကြမ်း၍ ရှည်သည်။ ပါးပြင်အရောင်မှာ အဖြူရောင်ဖြစ်၍ လည်မျိုအပေါ်ပိုင်းသည် အမည်းရောင်ဖြစ်ကာ ရင်ဘတ်ပိုင်း အညိုနက်ရောင် ဖြစ်သည်။ ထင်ရှား သည့် လက္ခဏာအဖြစ် ပါးစပ်အနီးမှသည် မေးရိုး နောက်နှင့် နားရွက်အောက် လည်ပင်းတစ်လျှောက် ဖြတ်လျက် ပခုံးအနီးထိ အလျားလိုက်တန်းလျက် ရှိသော အဖြူရောင်ကွက် တစ်ဖက်တစ်ချက်စီတွင် ရှိနေသည်။ နှာခေါင်းထိပ်ဖျားပိုင်း ပန်းရောင် ဖြစ်နေသည်မှာလည်း ထူးခြားသည်။ ခြေထောက် များ အညိုနက်ရောင်ဖြစ်နေသည်။ အမြီးရှိ အမွှေး များမှာထူပြီး ခပ်ပွပွဖြစ်နေလျက် အဖျားဘက်သို့ ချွန်သွားသည်။ နီဝါညိုရောင် ရှိသည်။ 

ဓလေ့စရိုက် 

ညဘက်ထွက်သည့် သတ္တဝါဖြစ်သော်လည်း နေ့ဘက်တွင်လည်းထွက်တတ်သည်။ မြစ်နား၊ ချောင်းနား၊ ရေကန်အနီးအနားသို့ ဖား၊ ငါး၊ ခရုနှင့် ဂဏန်းများဖမ်းဆီးရန် ရောက်လာတတ် သည်။ ကုန်းပေါ်တွင်လည်းကောင်း၊ ရေထဲ၌လည်းကောင်း သတ္တဝါများကို လိုက်လံဖမ်းဆီးနိုင် စွမ်းရှိသည်။ တစ်ကောင်ချင်းအနေဖြင့်လည်းကောင်း၊ နှစ်ကောင်မှ လေးကောင်အထိ အုပ်စုဖွဲ့၍ လည်းကောင်း သွားလာလှုပ်ရှားလေ့ရှိသည်။ မြေကြီးတွင် ကျင်းတူး၍ နားခိုတတ်သည်။

နေထိုင်ရာပတ်ဝန်းကျင်

ရွက်ကြွေတောများ၊ အင်တိုင်းတောများ၊ တောင်ကုန်းဒေသအမြဲစိမ်းသစ်တောများတွင် လည်းကောင်း၊ ရေနှင့်နီးရာအရပ်ဒေသများတွင်လည်းကောင်း တွေ့ရှိနိုင်သည်။ မြန်မာနိုင်ငံ မြောက်ပိုင်းအစွန်ဆုံးမှလွဲ၍ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ပျံ့နှံ့နေထိုင်သည်။     
 

 

အခြား သတ္တဝါမျိုးစိတ်များ

မြွေပါ

ပြင်ပလက္ခဏာ 

ဦးခေါင်းပိုင်းနှင့် ခန္ဓာကိုယ်ပိုင်း အရှည် ၃၅-၄၁ စင်တီမီတာရှိသည်။ အမြီး ၂၅-၂၉ စင်တီမီတာ ရှည် သည်။ Weasel များ၏ အရွယ်အစားနှင့်တူသည့် အသားစားသတ္တဝါ ဖြစ်သည်။ အမွှေးအရောင် မှာ အညိုရောင်မှ နီညိုရောင် သို့မဟုတ် ဝါညိုရောင်သို့ သန်းနေပြီး အမွှေးတစ်ချောင်းစီတွင် ဖျော့သော အညိုရောင်အရစ်နှင့် အညိုနက်ရောင်အရစ်တို့ တစ်ကျော့စီ ရစ်ပတ်လျက်ရှိသည်။ ဦးခေါင်းပိုင်း၊ ခြေထောက်ပိုင်းနှင့် အမြီးတို့၏ အမွှေးအရောင်မှာ ခန္ဓာကိုယ်ပိုင်း အမွှေးရောင်နှင့် တပြေးညီဖြစ်သည်။ အမြီးအရှည်သည် ခန္ဓာကိုယ်ပိုင်းအရှည်နှင့် တူညီ သည်။ လည်ပင်းပိုင်းတွင် အဖြူ ရောင်အမှတ်အသား မပါရှိခြင်းသည်ပင် အရွယ်ပို၍ ကြီးသော ဂဏန်းစား မြွေပါမျိုးမှ ခွဲခြားနိုင်သည့် လက္ခဏာဖြစ်သည်။ 

ဓလေ့စရိုက် 

အဓိကအနေဖြင့် နေ့ခင်းတွင်ထွက်လေ့ရှိသည့် သတ္တဝါမျိုးဖြစ်သည်။ ကျောရိုးရှိသတ္တဝါငယ်များ နှင့် အရွယ်ကြီးသော ကျောရိုးမဲ့သတ္တဝါတို့အပါအဝင် အမျိုးမျိုးသော  သတ္တဝါတို့ကို ဖမ်းစားလေ့ ရှိသည်။ တစ်ကောင်ချင်းလိုက်လံ၍ အစာရှာတတ်ပြီး မိမိထက်ပို၍ကြီးသော သတ္တဝါများကိုပင် ဖမ်းစားနိုင်သည်။ ကြွက်များ၊ ငှက်များ၊ မြွေများနှင့် ကင်းမြီးကောက်တို့မှာ မြွေပါ၏ ယေဘုယျ အစာဖြစ်သည်။  

နေထိုင်ရာပတ်ဝန်းကျင်

မူရင်းသစ်တောများထက် ပြန်ပေါက်သစ်တောနှင့် ချုံတော၊ မြက်တောများတွင် အနေများသည်။ လူတို့နေထိုင်ရာ အနီးပတ်ဝန်းကျင်တွင် တွေ့နိုင်သည်။ မြန်မာနိုင်ငံမြောက်ဘက်အစွန်ဆုံးမှအပ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ပျံ့နှံ့နေထိုင်သည်။    
 

 

အခြား သတ္တဝါမျိုးစိတ်များ

ကြောင်သလင်း

ပြင်ပလက္ခဏာ 

ဦးခေါင်းပိုင်းနှင့် ခန္ဓာကိုယ်ပိုင်း အရှည် ၄၅-၅၃ စင်တီမီတာရှိ၍ အမြီးမှာ ၄၇-၅၃ စင်တီမီတာ ရှည်သည်။ အင်းကျား၏ အကွက်များကဲ့သို့ ခန္ဓာကိုယ်ပေါ်တွင် ပေါ်ပေါက်နေသောလည်း အရွယ် အားဖြင့် များစွာငယ်သည်။ သစ်ကြုတ်ထက်ပင် ငယ် သော်လည်း အမွှေးပွနေ၍ ခပ်ဝဝပုံစံထွက်နေသည်။ အမွှေးရောင်မှာ ညိုဝါရောင်ဖြစ်နေပြီး ကျောလယ်၌ အနက်စင်းတန်းအလျားလိုက်ရှိကာ ခန္ဓာကိုယ်၏ ဘေးတစ်ဖက်စီ၌ အညိုနက်ရောင် ကျောက်သလင်း ပုံများ ပေါ်လွင်နေသည်။ အနက်ကွက်ငယ်များ အထူးသဖြင့် ခြေထောက်များ၏ အပြင်ဘက်တွင် ထင်ရှားစွာ ပြန့်ကျဲလျက်ရှိသည်။ အမြီးသည် ကိုယ်ခန္ဓာပိုင်းထက် ရှည်လျားပြီး အနက်ရောင် အရစ်များပေါ်တွင်ရှိသော အမွှေးများမှာ ထူပွပွ အနေအထား ရှိနေသည်။ ဦးခေါင်းခပ်တိုတိုဖြစ်၍ ခပ်ဝိုင်းဝိုင်း ခပ်သေးသေးဖြစ်နေသည်။ 

ဓလေ့စရိုက် 

ညထွက်သည့် အလေ့ရှိပြီး သစ်ပင်ပေါ်တွင် အနေများသည်။ ငှက်၊ ရှဉ့်၊ ကြွက်၊ သစ်စွေ့၊ ဖားနှင့် အင်းဆက်များကို စားသောက်သည်။    

နေထိုင်ရာပတ်ဝန်းကျင်

မြန်မာနိုင်ငံတစ်ဝန်းရှိ အမြဲစိမ်းမုတ်သုန်သစ်တော၊ ရွက်ကြွေတောနှင့် တောင်ပေါ်တောများ၌ ရှိသည်။ လွန်စွာရှာပါးလာသဖြင့် သဘာဝတောတွင်း၌ တွေ့ရခဲသည်။   

 

အခြား သတ္တဝါမျိုးစိတ်များ

သစ်ကြောင် သို့မဟုတ် သစ်ကြုတ်

ပြင်ပလက္ခဏာ 

ဦးခေါင်းပိုင်းနှင့် ခန္ဓာကိုယ်ပိုင်း အရှည် ၄၅-၅၅ စင်တီမီတာရှိသည်။ အမြီးမှာ ၂၃-၃၉ စင်တီမီတာ အရှည်ရှိသည်။ အရွယ်အစားငယ်၍ ခန္ဓာကိုယ် အမွှေးရောင်မှာ နီဝါရောင်ခပ်တောက်တောက် အောက်ခံပေါ်တွင် အနက်စက်၊ အနက်ကွက်နှင့် အစင်းမှတ်များ တစ်ကိုယ်လုံးတွင် စီရီလျက်ရှိသည်။ ပခုံးနှင့် လည်ပင်းပိုင်း ကျောဘက်နေရာတွင် အလျားလိုက် အနက်ရောင် အတန်း ၄ ခုမှ ၅ ခုထိ ဖြစ်ပေါ်လျက်ရှိသည်။ အမြီးမှာ အခြားမျိုးစိတ်များ နှင့်စာလျှင် ကြောင်သလင်းမှအပ အမြီးအတော် အတန်ရှည်သည့် အမျိုးအစား တောကြောင်ရိုင်းမျိုး ဖြစ်သည်။ အမြီးတစ်လျှောက်တွင် အနက်ရောင် အရစ်ကွင်းများ အမြီးဖျားသို့ထိ ရစ်ဝိုင်းလျက်ရှိ သည်။ ပါးစပ်နှင့် နှာခေါင်းထိပ်ဖျား ပတ်ဝန်းကျင်ရှိ သန်မာသည့် အမွှေးချောင်းများမှာ အဖြူရောင် ဖြစ်နေသည်။ မျက်လုံးနှစ်ခုကြားတွင် မျက်ဝန်းများ နှင့်ကပ်၍ အဖြူရောင်အစင်းကြောင်း ၂ ခု ထင်ရှား စွာရှိသည်။  

ဓလေ့စရိုက် 

ညဘက်ထွက်သည့် သတ္တဝါမျိုးဖြစ်သည်။ တစ်ကောင်ချင်း သွားလာလေ့ရှိသည်။ သစ်ပင် တက်ကျွမ်းကျင်သကဲ့သို့ ရေကူးလည်းသန်သည်။ ပုတ်သင်၊ ဖား၊ ငှက်နှင့် နို့တိုက်သတ္တဝါများကို ဖမ်းစားလေ့ရှိသည်။ ကျောက်ဂူများအတွင်း ပြုတ်ကျတတ်သော လင်းနို့ငယ်များနှင့် ကြွက်များကိုလည်း ဖမ်းစားတတ်သည်။     

နေထိုင်ရာပတ်ဝန်းကျင်

သစ်တောမျိုးစုံအတွင်း နေထိုင်နိုင်သကဲ့သို့ ချုံတောများ၊ စိုက်ပျိုးခင်းများနှင့် လူတို့နေထိုင်ရာ မြို့ရွာအနီးအနားဒေသများထိ လာရောက်တတ်သည်။ မြန်မာနိုင်ငံ မြောက်ဘက်ပိုင်းမှသည် တနင်္သာရီအထိ ပျံ့နှံ့နေထိုင်သည်။ ကမ်းရိုးတန်းရှိ ကျွန်းများ၌လည်း တွေ့ရသည်။ 
 

 

အခြား သတ္တဝါမျိုးစိတ်များ

ကြောင်တံငါ

ပြင်ပလက္ခဏာ 

ဦးခေါင်းပိုင်းနှင့် ခန္ဓာကိုယ်ပိုင်း အရှည် ၇၂-၇၈ စင်တီမီတာရှည်သည်။ ခန္ဓာကိုယ်တည်ဆောက်ပုံမှာ တုတ်ခိုင်သန်မာသည့် အနေအထားရှိ၍ ခြေထောက် များတိုသကဲ့သို့ ဖြစ်နေသည်။ အမြီးတိုသည်။ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားသည့် အမွှေး အခြေခံအရောင်သည် မွဲပြာရောင်တွင် အဝါရောင် ရောနှောနေ၍ အညိုနက်ရောင် အစက်များ အစင်း များ အတန်းလိုက်ရှိနေရာ တစ်ကိုယ်လုံးတွင် အစက်တန်း အစင်းတန်းများ ပြည့်နှက်လျက် ရှိသည်။ အမြီးတွင်လည်း အနက်စင်းများကဲ့သို့ ဖြစ်လျက် အမြီးဖျားပိုင်းထိ အရစ်များဖြင့် ရစ်ဝန်း လျက်ရှိသည်။ 

ဓလေ့စရိုက် 

အဓိကအနေဖြင့် ညဘက်ထွက်လေ့ရှိသော်လည်း နေ့ခင်းဘက်အချိန်များတွင်လည်း အစာရှာ တတ်သည်။ မြေကြီးပေါ်တွင် အနေများပြီး သစ်ပင်တက်မကျွမ်းကျင်ပေ။ ကုန်းပေါ်၌ လည်းကောင်း၊ ရေထဲတွင် ရေကူး၍လည်းကောင်း အစာရှာသည်။ ငါးမှာအဓိက အစာဖြစ်သော် လည်း ခရုနှင့် ပုစွန်များကိုပါ ဖမ်းစားသည်။ 

နေထိုင်ရာပတ်ဝန်းကျင်

သစ်ပင်ချုံနွယ်များ အုံ့ဆိုင်းလျက်ရှိသော ရေစပ်၊ ကမ်းစပ်တို့တွင် နေထိုင်သည်။ ရွှံနွံထူသော နေရာများနှင့် လမုတောတို့တွင်လည်း တွေ့နိုင်သည်။ နိမ့်သောတောင်ကုန်းဒေသများနှင့် ရွက်ကြွေတောများအတွင်းရှိ စမ်းချောင်းများ၏ ပတ်ဝန်းကျင်တွင်လည်း နေထိုင်သည်။ မြန်မာ နိုင်ငံမြောက်ဘက်အစွန်ဒေသမှအပ တစ်နိုင်ငံလုံးတွင် ပျံ့နှံ့နေထိုင်သည်။  

 

 

အခြား သတ္တဝါမျိုးစိတ်များ

တောကြောင်

ပြင်ပလက္ခဏာ 

ဦးခေါင်းပိုင်းနှင့် ခန္ဓာကိုယ်ပိုင်း အရှည် ၅၀-၆၀ စင်တီမီတာ ရှိသည်။ အမြီး ၂၆-၃၁ စင်တီမီတာ ရှည်သည်။ ခန္ဓာကိုယ် ရှည်မျောမျောဖြစ်၍ ခြေတံ လက်တံရှည်ကာ အမြီးမှာ အတော်အတန်တို သကဲ့သို့ ဖြစ်နေသည်။ ခန္ဓာကိုယ် အမွှေးရောင်မှာ သဲရောင်၊ နီညိုရောင်နှင့် မွဲပြာရောင်တို့ ရောနှော ထားသော အရောင်မျိုးဖြစ်လျက် အရောင်တစ်မျိုး တည်း ဖြစ်သကဲ့သို့ ဖြစ်နေသည်။ အကွက်များ၊ အပြောက်များ သိသာပေါ်လွင်မှု မရှိပေ။ ခြေထောက်များနှင့် လည်မျိုပိုင်း၌သာ အနက်ရောင် အစင်းကြောင်းနှင့် အစက်ပြောက်များ ပေါ်လွင် လျက် ရှိနေသည်။ နားရွက်နောက်ဘက် အမွှေး ရောင်သည် အနီရောင်ဖြစ်သော်လည်း နားရွက် အတွင်းဘက်၌ရှိသော အမွှေးစုမှာ အနက်ရောင် ဖြစ်သည်။ 

ဓလေ့စရိုက် 

နေ့ရောညပါ သွားလာလှုပ်ရှားတတ်သည့် သတ္တဝါဖြစ်သည်။ နံနက်အရုဏ်တက်ချိန်နှင့် မှောင်ရီပျိုးချိန်တွင် လှုပ်ရှားမှုများသည်။ သစ်ပင်တက်ခဲ၍ မြေကြီးပေါ်တွင် နေလေ့ရှိသည်။ ရှဉ့် များ၊ ကြွက်များ၊ တောယုန်၊ ပုတ်သင်၊ ဖားနှင့် ငှက်များကို ဖမ်းစားလေ့ရှိသည်။ 

နေထိုင်ရာပတ်ဝန်းကျင်

မြက်ခင်းပြင်ကျယ်၊ ရွက်ကြွေတော၊ ချုံတောများတွင်လည်းကောင်း၊ စမ်းချောင်းကမ်းနံဘေး တစ်လျှောက်တွင်လည်းကောင်း တွေ့ရှိနိုင်သည်။ မြန်မာနိုင်ငံအနှံ့ တွေ့ရသည်။ သို့ရာတွင် လူတို့ တွေ့လွယ်သောနေရာများတွင် နေထိုင်သဖြင့် အကောင်ရေများစွာလျော့နည်းလာလျက်ရှိသည်။ 
 

 

အခြား သတ္တဝါမျိုးစိတ်များ

ကျားသစ်

ပြင်ပလက္ခဏာ 

ဦးခေါင်းပိုင်းနှင့် ခန္ဓာကိုယ်ပိုင်း အရှည် ၁၀၀-၁၃၀ စင်တီမီတာ ရှည်သည်။ ကိုယ်ခန္ဓာကို ဖုံးအုပ်ထား သည့် အမွှေးများ၏ အောက်ခံအရောင်မှာ  နို့နှစ် ရောင် သို့မဟုတ် အဝါရောင်ဖြစ်နေလျက် အနက်ရောင်အစက်များဖြင့် ဖွဲ့စည်းထားသည်။ ကျားသစ်ကွက်အဝိုင်းများ တစ်ကိုယ်လုံးတွင် ပျံ့နှံ လျက်ရှိသည်။ အနက်စက်တစ်ခုချင်းအနေဖြင့် ပြန့်ကျဲနေမှုကို ဦးခေါင်းပိုင်း၊ ခြေထောက်ပိုင်းနှင့် ဝမ်းပိုင်းတို့တွင် တွေ့ရသည်။ နားရွက်နောက်တွင် အနက်ရောင်အမှတ်အသား အကွက်လိုက်ပေါ်နေ သည်။ အချို့အကောင်များမှာ တစ်ကိုယ်လုံး အမည်းရောင်ဖြစ်နေပြီး ကျားသစ်ကွက်များကို အရေပြားတွင် မှိန်မှိန်သာ တွေ့ရသည်။ ဤကဲ့သို့ သောအကောင်များကို “သစ်နက်” (Black panther) ဟုခေါ်သည်။ 

ဓလေ့စရိုက် 

ညထွက်လေ့ရှိသည့် သတ္တဝါများဖြစ်သည်။ အရုဏ်တက်ချိန် လှုပ်ရှားမှုများသည်။ အလွန် လျင်မြန်၍ နို့တိုက်သတ္တဝါအမျိုးမျိုးကို ဖမ်းစားနိုင်သည်။ တစ်ခါတစ်ရံ သစ်ပင်တက်လေ့ ရှိသည်။ တောဝက်၊ မျောက်၊ ငှက်အမျိုးမျိုး၊ ရှဉ့်စသည်တို့မှာ ကျားသစ်၏ အစာများဖြစ်သည်။ တစ်ကောင်ချင်းအစာရှာလေ့ရှိသည်။    

နေထိုင်ရာပတ်ဝန်းကျင်

အမြဲစိမ်းသစ်တော၊ ရွက်ကြွေတောစသည်ဖြင့် သစ်တောရှိရာအရပ်ဒေသအမျိုးမျိုးတွင် တွေ့နိုင် သကဲ့သို့ မြက်ခင်းပြင်ကျယ်အရပ်နှင့် ချုံတောများ ပြန့်ကျဲလျက်ရှိသော ဒေသများတွင်လည်း တွေ့နိုင်သည်။ မြန်မာနိုင်ငံအနှံ့ပြန့်လျက် နေထိုင်သည်။ 
 

 

အခြား သတ္တဝါမျိုးစိတ်များ

Subscribe to Mammals