Skip to main content

အင်ဒိုချိုင်းနားကျား

ပြင်ပလက္ခဏာ

ဦးခေါင်းပိုင်းနှင့် ခန္ဓာကိုယ်ပိုင်း အရှည် ၁၇၀-၂၃၀ စင်တီမီတာရှိသည်။ အမြီး ၉၀-၁၂၀ စင်တီမီတာ ရှည်သည်။ ကြောင်အမျိုးအစား သတ္တဝါမျိုးစိတ်များ အနက် အရွယ်အစား အကြီးမားဆုံးဖြစ်သည်။ အောက်ခံ ညိုဝါရောင်ပေါ်တွင် အနက်ရောင် အစင်းကျားများ တစ်ကိုယ်လုံးတွင် ထင်ရှားစွာ ပေါ်လွင်နေသဖြင့် အခြားသတ္တဝါများနှင့် မှားစရာ အကြောင်းမရှိပေ။ လွန်စွာသန်မာထွားကြိုင်း၍ ခွန် အားကြီးကာ ခြေဖဝါး၊ လက်ဖဝါးများကြီးလျက် ခြေသည်းခွံများ ချွန်ထက်သန်မာသည်။ ပါးနေရာ တစ်ဝိုက် လည်မျိုပိုင်းနှင့် ရင်ဘတ်ပိုင်းအောက်ဖက် ရှိ အမွှေးအရောင်သည် အဖြူရောင်ဖြစ်သည်။ အနက်ရောင် အရစ်ကွင်းများ အမြီးတစ်လျှောက်လုံး ပြည့်စုံစွာဖြစ်ပေါ်လျက်ရှိသည်။ 

ဓလေ့စရိုက်

ကုန်းနေသတ္တဝါဖြစ်၍ ကျယ်ဝန်းသည့် တောင်ကုန်း၊ တောင်တန်းများပေါ်တွင် လှည့်လည် ကျက်စားတတ်သည်။ မိတ်လိုက်ချိန်မှလွဲ၍ တစ်ကောင်ချင်းနေလေ့ရှိသည်။ ကလေးများငယ်စဉ် တွင် မိခင်နှင့်အတူတွဲ၍ သွားလာတတ်သည်။ တောဝက်၊ ချေ၊ ဆတ်၊ သမင်၊ စိုင်၊ ပြောင်၊ မျောက်၊ ငှက်၊ မြွေ၊ ဖွတ်များအပြင် ဆင်ပေါက်၊ ကြံ့ပေါက်ငယ်နှင့် ငါးများသည် ကျား ဖမ်းစားခံရသည့် သတ္တဝါများဖြစ်ကြသည်။ အနံ့ဖြင့်လည်းကောင်း၊ အသံပြု၍လည်းကောင်း၊ အချင်းချင်း ဆက်သွယ်ကြသည်။ ရေကူးကျွမ်းကျင်သည်။ 

နေထိုင်ရာပတ်ဝန်းကျင်

မြေနိမ့်ပိုင်းမြက်ခင်းနှင့် လမုတောရှိရာအရပ်မှသည် ရွက်ကြွေတော၊ ထင်းရှူးတောနှင့် အမြဲစိမ်း တောများထိ နေထိုင်ကျက်စားလေ့ရှိကြသည်။ မြေညီဒေသမှသည် မီတာ ၃၀၀၀ မြင့်သည့် နေရာထိ တွေ့နိုင်သည်။ သားကောင်များနှင့် ရေရရှိမှုအခြေအနေပေါ်မူတည်၍ မြစ်ချောင်း နံဘေး ကမ်းခြေဒေသမျိုးကိုလည်း ကြိုက်နှစ်သက်သည်။ မြန်မာနိုင်ငံတစ်ဝန်းတွင် နေထိုင်နိုင် သော်လည်း ယခုအခါ ကောင်ရေနည်းပါးနေပြီဖြစ်သည်။ 


 

 

အခြား သတ္တဝါမျိုးစိတ်များ