Skip to main content

အင်းကျား

ပြင်ပလက္ခဏာ

ဦးခေါင်းပိုင်းနှင့် ခန္ဓာကိုယ်ပိုင်း အရှည် ၆၅-၉၅ စင်တီမီတာရှိ၍ အမြီး ၅၅-၈၀ စင်တီမီတာရှည် သည်။ အရွယ်အစားကြီးသည့် ကြောင်ကြီးမျိုးဖြစ်ပြီး အရေပြားအရောင်နှင့် အကွက်ကြီးများကြောင့် အလွယ်တကူခွဲခြားနိုင်သည်။ အမွှေးမှာ မွဲပြာရောင် သို့မဟုတ် ဝါညိုရောင်ဖြစ်နေတတ်ပြီး ခပ်ညိုညို စတုရန်းပုံစံ အကွက်ကြီးများမှာ အနက်ရောင် အနားသတ်ထားသဖြင့် တိမ်ကွက်ကြီးများသဖွယ် ခန္ဓာကိုယ်ဘေးတစ်ဖက်စီ၌ သိသာစွာ ပေါ်လွင်နေ သည်။ ခြေထောက်အပြားကြီး၍ ခြေတန်တိုသည်။ အမြီးရှည်၍ အနက်ရောင်အရစ်ဝိုင်းများ ရှိသည်။ ဝမ်းဖက်ပိုင်းအမွှေးရောင်မှာ အဖြူရောင်ဖြစ်သည်။ ခန္ဓာကိုယ်တုတ်ခိုင်၍ ကျားသစ်နီးပါးရှိသော်လည်း ကျားသစ်ထက် အရွယ်အစားငယ်သည်။ 


ဓလေ့စရိုက်

နေ့ရောညပါ ထွက်သည်။ အများအားဖြင့် မြေကြီးပေါ်တွင် အစာရှာစားသည်။ သစ်ပင်တက် အလွန်ကျွမ်းကျင်ပြီး သစ်ပင်ပေါ်၌ပင် မကြာခဏအိပ်နေတတ်သည်။ ငှက်များ၊ မျောက်များ၊ တောဝက်နှင့် ချေငယ်တို့ကို ဖမ်းစားလေ့ရှိသည်။   


နေထိုင်ရာပတ်ဝန်းကျင်

မြေပြန့်သစ်တောမှသည် တောင်ကုန်းတောင်တန်းသစ်တောများထိ မူရင်းနှင့် ပြန်ပေါက် သစ်တောမျိုးစုံတွင်   နေထိုင်နိုင်သည်။ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ သစ်တောများတွင် ရှိနိုင်သည်။ ရခိုင်ရိုးမ၊ ပဲခူးရိုးမ၊ တနင်္သာရီတောနက်များတွင် တွေ့ရသည်။ 
 

 

အခြား သတ္တဝါမျိုးစိတ်များ

မူလာရစ်ချေ သို့မဟုတ် တနင်္သာရီချေ

ပြင်ပလက္ခဏာ

ဦးခေါင်းပိုင်းနှင့် ခန္ဓာကိုယ်ပိုင်း အရှည် ၇၀-၉၀  စင်တီမီတာ ရှိသည်။ အမြီး ၁၀ စင်တီမီတာခန့် ရှည် သည်။ ခန္ဓာကိုယ်တစ်ခုလုံး အရောင်မှာ အညိုရောင် ဖြစ်သည်။ သာမန်ချေနှင့်စာလျှင် အရွယ်အနည်းငယ် ခန့် ပိုငယ်သော်လည်း ဦးချိုအနည်းငယ်ပို၍ ရှည် သည်။ ခြေထောက်ပိုင်းအရောင်မှာ ပို၍နက်သည်။ ပေါင်၏ အတွင်းဘက်နောက်နားပိုင်းတွင် သိသာ သော ဒေါင်လိုက်အဖြူရောင် အစင်းတန်းကြီး ပါရှိ နေသည်။ အမြီးတို၍ အပေါ်ဘက် အမည်းရောင်ဖြစ် ပြီး အောက်ဘက်အဖြူရောင်ဖြစ်သည်။ 

ဓလေ့စရိုက်

တနင်္သာရီချေသည် ညဘက်ထွက်လေ့ရှိသည့် သတ္တဝါဖြစ်ပြီး တစ်ညလုံးလိုလို အစာရှာ စားတတ်သည်။ တစ်ကောင်ချင်းနေတတ်ပြီး မိတ်လိုက်ရာသီတွင်သာ အစုံလိုက်တွေ့ရတတ် သည်။ ဆောင်းတွင်း၌ သားမွေး၍ တစ်သားလျှင် တစ်ကောင်သာ မွေးတတ်သည်။    

နေထိုင်ရာပတ်ဝန်းကျင်

အမြဲစိမ်းသစ်တောများအတွင်း သွားလာကျက်စားသည်။ ရေရှိရာနေရာအနီး၌ အစာရှာစားနေ လေ့ရှိသည်။ ဒေါနတောင်တန်းမှသည် ထားဝယ်၊ မြိတ်ရှိ တနင်္သာရီတောင်တန်းတစ်လျှောက်၌ တွေ့နိုင်သည်။   
 

 

အခြား သတ္တဝါမျိုးစိတ်များ

ယုန်သမင်ငယ် သို့မဟုတ် ချေငယ်ညီ

ပြင်ပလက္ခဏာ

ဦးခေါင်းပိုင်းနှင့် ခန္ဓာကိုယ်ပိုင်း အရှည် ၄၀-၄၈ စင်တီမီတာ ရှိသည်။ အမြီး ၆-၈ စင်တီမီတာ ရှည် သည်။ ယုန်သမင်အကြီးထက် အရွယ်အစားငယ်၍ သေးသိမ်သော ကိုယ်ဟန်အနေအထားရှိသည်။ ပခုံး အမြင့် ၂၀ စင်တီမီတာရှိသည်။ ခန္ဓာကိုယ်ကျောဖက် အမွှေးရောင်သည် နီညိုရောင်ဖြစ်နေပြီး ရင်ဘတ် ပိုင်းတွင် အဖြူရောင်အစင်း ၃ တန်းပါရှိသည်။ ခြေထောက်များမှာသိမ်၍ တုတ်ချောင်းပုံဖြစ်နေ သည်။ အာရှတိုက်တွင် အသေးဆုံးသော ခွာပါသည့် နို့တိုက်သတ္တဝါဖြစ်ပြီး ကမ္ဘာပေါ်တွင် ဒုတိယ အသေးဆုံး ခွာပါသတ္တဝါဖြစ်သည်။ 

ဓလေ့စရိုက်

မှောင်ရည်ပျိုးချိန်နှင့် ညအချိန်တို့၌ ထွက်လေ့ရှိသော်လည်း တစ်ခါတစ်ရံ နေ့ဘက်တွင်လည်း တွေ့ရတတ်သည်။ တစ်ကောင်တည်းအနေများ၍ မျိုးပွားရာသီတွင် စုံတွဲတွေ့နိုင်သည်။ မြက်ဖူး များ၊ သစ်သီး၊ သစ်ဥ၊ သစ်ဖုနှင့် အညွန့်များ၊ အရွက်များကို စားသုံးလေ့ရှိသည်။ 

နေထိုင်ရာပတ်ဝန်းကျင်

အမြဲစိမ်းတော၊ ရွက်ကြွေတော၊ ရွက်ပြတ်တောစသည့် သစ်ပင်၊ ချုံပင်ထူထပ်ရာတောများတွင် အောင်းခို၍နေတတ်သော သတ္တဝါဖြစ်သည်။ ကွင်းပြင်ကျယ် မြက်ခင်းများသို့ တစ်ခါတစ်ရံ သာ ထွက်လာတတ်သည်။ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီးရှိ သစ်တောများတွင် တွေ့နိုင်သည်။  


 

 

အခြား သတ္တဝါမျိုးစိတ်များ

တောဝက်

ပြင်ပလက္ခဏာ

ဦးခေါင်းပိုင်းနှင့် ခန္ဓာကိုယ်ပိုင်း အရှည် ၁.၂-၁.၅ မီတာ ရှိသည်။ အမြီး ၂၀-၃၀ စင်တီမီတာရှည်သည်။ အိမ်မွေးဝက်များနှင့် ခန္ဓာကိုယ်အနေအထားပုံစံတူ သော်လည်း ဦးခေါင်းပိုင်း ပို၍ ကြီးသည်။ လည်ပင်း တိုကာ ကိုယ်ပိုင်းကျစ်လစ်မှုရှိသည်။ ပိုမိုသွက်လက် ချက်ချာသောအမူအရာရှိသည်။ ခန္ဓာကိုယ်ကို အညို နက်ရောင် အမွှေးကြမ်းဖြင့် ဖုံးအုပ်ထားသည်။ ညိုမွဲ ရောင်ဖြစ်နေသော ကိုယ်လုံးပေါ်တွင် ကျောဖက်၌ လည်ဆံမွှေးအရှည် အတန်းလိုက်ခပ်ထောင်ထောင် အနေအထား ပေါက်လျက်ရှိသည်။  

ဓလေ့စရိုက်

အုပ်စုလိုက်နေတတ်ပြီး အုပ်စုကို ကောင်ရေ ၃၀ ထက်များသော အရေအတွက်ဖြင့် ဖွဲ့စည်း၍ လှုပ်ရှားသွားလာနေတတ်သည်။ အရွယ်ရောက်ပြီးသော အထီးကောင်များမှာ တစ်ကောင်ချင်း သွားလာတတ်သည်။ အချို့သော အရွယ်ကြီးသည့် တောဝက်များသည် ကျားနှင့် ကျားသစ်ကို ပင် ပြန်၍ တိုက်ခိုက်နိုင်စွမ်းရှိသည်။ နံနက်စောစောနှင့် ညမိုးချုပ်ချိန်တွင် အစာရှာတတ်သည်။ အစုံစားသတ္တဝါဖြစ်သော်လည်း သစ်ဥ၊ သစ်ဖု၊ သစ်မြစ်တို့ကို စားသုံးလေ့ရှိသည်။ စိုက်ခင်း များကို ဝင်ရောက်ဖျက်ဆီးတတ်သည်။ နေ့လယ်ဖက်တွင် တောရိပ်ကောင်းရာအရပ်၌ နားခိုနေ တတ်သည်။ ရွှံ့နွံပျော့ရာနေရာတွင် ကျင်းလူးလေ့ရှိသည်။  

နေထိုင်ရာပတ်ဝန်းကျင်

သစ်တော၊ ချုံတော၊ မြက်ခင်းများနှင့် စိုက်ပျိုးခင်းအနီးဒေသများတွင် နေထိုင်လေ့ရှိသည်။ တောင်ယာခုတ်သဖြင့် တောအတန်းအစားကျဆင်းလျက်ရှိသည့်ဧရိယာများတွင် ကောင်းစွာ ရှင်သန်နိုင်သည်။  


 

 

အခြား သတ္တဝါမျိုးစိတ်များ

ချေ

ပြင်ပလက္ခဏာ

ဦးခေါင်းပိုင်းနှင့် ခန္ဓာကိုယ်ပိုင်း အရှည် ၈၀-၉၀  စင်တီမီတာ ရှိသည်။ အမြီး ၁၇-၁၉ စင်တီမီတာ ရှည်သည်။ ဆတ်၊ သမင်၊ ဒရယ်တို့နှင့်စာလျှင် အရွယ်ငယ်ပြီး ဦးချိုတွင် အောက်ခြေတိုင်ရှည်၍ ဘေးသို့ထွက်သည့် ချိုအတက်မှာ တိုပြီး သေးငယ် သည်။ ပုံစံဆင်တူသော တနင်္သာရီချေနှင့် ကွာခြား သည့်အချက်မှာ အမွှေးရောင် အနေအထားဖြစ် သည်။ ချေတွင် ခန္ဓာကိုယ် အလျားပိုင်းတစ်ခုလုံးမှ အမြီးထိ နီညိုရောင် တပြေးညီရှိပြီး တနင်္သာရီချေ တွင် ကျောဖက်တစ်လျှောက် အမြီးထိ အမည်းရောင် ရှိ၍ ကျန်တစ်ကိုယ်လုံးမှာ အနက်ရောင် ခပ်တောက် တောက်ဖြစ်သည်။ ချေ၏ မျက်နှာနှင့် ခြေထောက် များသည် အနက်ရောင်ဖြစ်နေပြီး ပါးပြင်၊ လည်မျို၊ ဝမ်းဗိုက်နှင့် အမြီးအောက်ဖက်ပိုင်းနေရာများတွင် အဖြူရောင်ဖြစ်နေသည်။ 

ဓလေ့စရိုက်

နံနက်စောစောနှင့် ညနေစောင်း နေဝင်မျိုးချုပ်ချိန်များတွင် ကွင်းပြင်ကျယ်နေရာများ၌ အစာ ရှာစားနေတတ်သည်။ မြက်အမျိုးမျိုး၊ သစ်ဥ၊ သစ်ဖု၊ သစ်သီးနှင့် ပန်းပွင့်များကို စားသုံးလေ့ရှိ သည်။ အန္တရာယ်အနှောင့်အယှက်မရှိပါက  လာနေကျနေရာကို လာ၍ အစာစားလေ့ရှိသည်။ ဟောက်တတ်သဖြင့် ချေဟောက်သံကိုကြား၍ ချေရှိရာနေရာကို သိနိုင်သည်။ 

နေထိုင်ရာပတ်ဝန်းကျင်

သစ်တောမျိုးစုံတွင် နေထိုင်နိုင်သည်။ တောစပ်နေရာများ၊ တောင်ယာခုတ်ထွင်ထားသည့် နေရာ များနှင့် သစ်ခုတ်ထားသည့် သစ်ပင်ကျဲပါးသော တောများကို ပိုမိုကြိုက်နှစ်သက်ပုံရသည်။ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောများတွင် အတွေ့အများဆုံးသတ္တဝါဖြစ်သည်။ 

 

 

အခြား သတ္တဝါမျိုးစိတ်များ

တောဆိတ်

ပြင်ပလက္ခဏာ

ဦးခေါင်းပိုင်းနှင့် ခန္ဓာကိုယ်ပိုင်း အရှည် ၁၄၀-၁၅၅ စင်တီမီတာ ရှိသည်။ အမြီး ၁၁-၁၆ စင်တီမီတာ ရှည်သည်။ အိမ်မွေးဆိတ်နှင့် အသွင်သဏ္ဍာန်တူညီ သော်လည်း ခန္ဓာပိုင်းတိုကာ ခြေတန်ရှည်လျက်ရှိ သည်။ တောင်ဆိတ်နှင့် ဆင်တူသော်လည်း အရွယ် အစားပိုမိုကြီးမားကာ သန်မာသည့်အသွင်ရှိသည်။ ခန္ဓာကိုယ်အမွှေးများ ကြမ်းတမ်း၍ အတော်အတန် ရှည်သည်။ ခန္ဓာကိုယ်အပေါ်ပိုင်းရှိ အမွှေးအရောင် သည် မွဲပြာရောင် သို့မဟုတ် နီညိုရောင် သို့မဟုတ် အမည်းရောင်ဖြစ်နေပြီး ဝမ်းဗိုက်ပိုင်းတွင် အနည်း ငယ် အရောင်ဖျော့သည်။ လည်ပင်းတို၍ တုတ်ခိုင် သည်။ ကျောဖက်တွင် လည်ဆန်မွှေး ခပ်ရှည်ရှည် ဖြစ်ပေါ်နေသည်။ အထီးရော အမပါ အရစ်ဝိုင်းများ ပါသည့် ချွန်ထက်သော ဦးချိုနှစ်ချောင်းရှိသည်။ နားရွက်ပြားကြီးကာ ရှည်လျားသည်။ မျက်စေ့ ရှေ့နားတွင် မျက်ရည်ခံဂလင်း ထင်ရှားစွာ ပေါ်လွင် လျက်ရှိသည်။ အမြီးငုတ်တိုဖြစ်၍ အမွှေးဖွာသည်။ 

ဓလေ့စရိုက်

နေ့ရောညပါ သွားလာလှုပ်ရှားတတ်သည်။ အသက်ကြီးသော အထီးကောင်များသာ တစ်ကောင် ချင်း သွားလာလှုပ်ရှားတတ်သည်။ မိတ်လိုက်ချိန်တွင် နှစ်ကောင်တွဲ၍ တွေ့ရသည်။  အများအား ဖြင့် သားပေါက်တစ်ကောင်သာ ရှိတတ်သည်။ မိခင်နှင့် တစ်နှစ်ခန့် အတူနေထိုင်သည်။ တောင် စောင်း၊ တောင်ခါးပန်းများတွင် လျင်မြန်စွာ သွားလာနိုင်စွမ်းရှိသည်။ မြက်နှင့် သစ်ရွက်မျိုးစုံကို စားသုံးသည်။ ကျောက်မိုးနေသည့် ချိုင့် သို့မဟုတ် လဲကျနေသော သစ်ပင်အောက်နေရာများတွင် နားခိုတတ်သည်။ 

နေထိုင်ရာပတ်ဝန်းကျင်

ကျောက်ဆောင်များ ထူထပ်စွာရှိသည့် သစ်တောများဖုံးအုပ်ထားသော တောင်ကုန်း၊ တောင်တန်းများတွင် ကျက်စားသည်။ အမြင့်ပေ ၇၀၀ မှ ၈၀၀၀ ထိ ရှိသော ကမ်းပါးများ၊ မတ်စောက်သည့် ကျောက်ထူသော တောင်ကုန်းများကို ကြိုက်နှစ်သက်သည်။ ထို ကျောက်ဆောင်များမှ ဝါးပင်ထူရာနေရာများသို့ ရောက်လာကာ  အစာရှာစားလေ့ရှိသည်။ အထက်ချင်းတွင်း၊ ရခိုင်ရိုးမ၊ ပဲခူးရိုးမ၊ ရှမ်းကုန်းပြင်မြင့်၊ တနင်္သာရီတောင်တန်းများစသည်ဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ သစ်တောထူထပ်သော တောင်ကုန်းမြင့်ဒေသတို့တွင် တွေ့နိုင်သည်။
 


 

 

အခြား သတ္တဝါမျိုးစိတ်များ

ဆတ်

ပြင်ပလက္ခဏာ

ဦးခေါင်းပိုင်းနှင့် ခန္ဓာကိုယ်ပိုင်း အရှည် ၁၈၀-၂၀၀ စင်တီမီတာရှိသည်။ အမြီး ၂၀-၂၅ စင်တီမီတာ ရှည်သည်။ အရွယ်အစားကြီးမား၍ သန်မာကြံ့ခိုင်ပြီး အရပ်မြင့်သည့် အသွင်ရှိသည်။ ခန္ဓာကိုယ်တစ်ခုလုံး ၏ အမွှေးရောင်သည် အညိုရောင်နှင့် နီညိုစပ်ရောင် ဖြစ်သည်။ အမွှေးမှာ ခပ်ကြမ်းကြမ်းအနေအထား ရှိသည်။ အရွယ်ရောက်ပြီး အထီးကောင်များတွင် လည်ဆန်မွှေးများ ရှည်လျားစွာ ဖြစ်ပေါ်နေသည်။ ဦးချိုကြီး၍ သန်မာခိုင်ခန့်သည်။ ဦးချိုတစ်ခုတွင် အတက် ၃ တက်ထွက်လျက်ရှိသည်။ အမြီး၏ အောက်ဖက်မျက်နှာသည် အဖြူရောင်ဖြစ်၍ အချက်ပြရန် အသုံးပြုသည်။ 

ဓလေ့စရိုက်

ညထွက်သည့်ဓလေ့ရှိသော်လည်း တစ်ခါတစ်ရံ လူသူဝေးကွာသည့် တောနက်ထဲတွင် နေ့လယ် ဖက်တွင် သွားလာတတ်သည်။ အကောင်ရေများစွာ စုဝေး၍ နေတတ်သည်။ သစ်ရွက်များကို စားခြင်းထက် မြက်များကို ပိုမိုစားလေ့ရှိသည်။ ခန္ဓာကိုယ်တွင် ဓာတ်ဆားလိုအပ်၍ ဆားတွင်း ရှိရာကို ရှာဖွေတတ်သည်။ မိတ်လိုက်ရာသီမှာ နိုဝင်ဘာလမှ ဇန်နဝါရီလအထိ ဖြစ်သည်။ ကိုယ်ဝန်ဆောင်ချိန် ရက်ပေါင်း ၂၄၀ ကြာပြီး တစ်ကြိမ်သားမွေးလျှင် တစ်ကောင်သာ ပေါက်ဖွား သည်။ 

နေထိုင်ရာပတ်ဝန်းကျင်

မြေပြန့်သစ်တောမှသည် တောင်ပေါ်သစ်တောများထိ နေထိုင်သည်။ မြစ်ချောင်းထိပ်ဖျားပိုင်း သစ်ပင်ထူထပ်စွာပေါက်ရောက်နေသည့် တောင်ကမ်းပါးနေရာများကို ကြိုက်နှစ်သက်သည်။ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် တွေ့ရှိနိုင်သည်။ 
 

 


 

 

အခြား သတ္တဝါမျိုးစိတ်များ

Subscribe to Mammals