အင်းကျား
ပြင်ပလက္ခဏာ
ဦးခေါင်းပိုင်းနှင့် ခန္ဓာကိုယ်ပိုင်း အရှည် ၆၅-၉၅ စင်တီမီတာရှိ၍ အမြီး ၅၅-၈၀ စင်တီမီတာရှည် သည်။ အရွယ်အစားကြီးသည့် ကြောင်ကြီးမျိုးဖြစ်ပြီး အရေပြားအရောင်နှင့် အကွက်ကြီးများကြောင့် အလွယ်တကူခွဲခြားနိုင်သည်။ အမွှေးမှာ မွဲပြာရောင် သို့မဟုတ် ဝါညိုရောင်ဖြစ်နေတတ်ပြီး ခပ်ညိုညို စတုရန်းပုံစံ အကွက်ကြီးများမှာ အနက်ရောင် အနားသတ်ထားသဖြင့် တိမ်ကွက်ကြီးများသဖွယ် ခန္ဓာကိုယ်ဘေးတစ်ဖက်စီ၌ သိသာစွာ ပေါ်လွင်နေ သည်။ ခြေထောက်အပြားကြီး၍ ခြေတန်တိုသည်။ အမြီးရှည်၍ အနက်ရောင်အရစ်ဝိုင်းများ ရှိသည်။ ဝမ်းဖက်ပိုင်းအမွှေးရောင်မှာ အဖြူရောင်ဖြစ်သည်။ ခန္ဓာကိုယ်တုတ်ခိုင်၍ ကျားသစ်နီးပါးရှိသော်လည်း ကျားသစ်ထက် အရွယ်အစားငယ်သည်။
ဓလေ့စရိုက်
နေ့ရောညပါ ထွက်သည်။ အများအားဖြင့် မြေကြီးပေါ်တွင် အစာရှာစားသည်။ သစ်ပင်တက် အလွန်ကျွမ်းကျင်ပြီး သစ်ပင်ပေါ်၌ပင် မကြာခဏအိပ်နေတတ်သည်။ ငှက်များ၊ မျောက်များ၊ တောဝက်နှင့် ချေငယ်တို့ကို ဖမ်းစားလေ့ရှိသည်။
နေထိုင်ရာပတ်ဝန်းကျင်
မြေပြန့်သစ်တောမှသည် တောင်ကုန်းတောင်တန်းသစ်တောများထိ မူရင်းနှင့် ပြန်ပေါက် သစ်တောမျိုးစုံတွင် နေထိုင်နိုင်သည်။ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ သစ်တောများတွင် ရှိနိုင်သည်။ ရခိုင်ရိုးမ၊ ပဲခူးရိုးမ၊ တနင်္သာရီတောနက်များတွင် တွေ့ရသည်။