သစ်ကြောင် သို့မဟုတ် သစ်ကြုတ်
ပြင်ပလက္ခဏာ
ဦးခေါင်းပိုင်းနှင့် ခန္ဓာကိုယ်ပိုင်း အရှည် ၄၅-၅၅ စင်တီမီတာရှိသည်။ အမြီးမှာ ၂၃-၃၉ စင်တီမီတာ အရှည်ရှိသည်။ အရွယ်အစားငယ်၍ ခန္ဓာကိုယ် အမွှေးရောင်မှာ နီဝါရောင်ခပ်တောက်တောက် အောက်ခံပေါ်တွင် အနက်စက်၊ အနက်ကွက်နှင့် အစင်းမှတ်များ တစ်ကိုယ်လုံးတွင် စီရီလျက်ရှိသည်။ ပခုံးနှင့် လည်ပင်းပိုင်း ကျောဘက်နေရာတွင် အလျားလိုက် အနက်ရောင် အတန်း ၄ ခုမှ ၅ ခုထိ ဖြစ်ပေါ်လျက်ရှိသည်။ အမြီးမှာ အခြားမျိုးစိတ်များ နှင့်စာလျှင် ကြောင်သလင်းမှအပ အမြီးအတော် အတန်ရှည်သည့် အမျိုးအစား တောကြောင်ရိုင်းမျိုး ဖြစ်သည်။ အမြီးတစ်လျှောက်တွင် အနက်ရောင် အရစ်ကွင်းများ အမြီးဖျားသို့ထိ ရစ်ဝိုင်းလျက်ရှိ သည်။ ပါးစပ်နှင့် နှာခေါင်းထိပ်ဖျား ပတ်ဝန်းကျင်ရှိ သန်မာသည့် အမွှေးချောင်းများမှာ အဖြူရောင် ဖြစ်နေသည်။ မျက်လုံးနှစ်ခုကြားတွင် မျက်ဝန်းများ နှင့်ကပ်၍ အဖြူရောင်အစင်းကြောင်း ၂ ခု ထင်ရှား စွာရှိသည်။
ဓလေ့စရိုက်
ညဘက်ထွက်သည့် သတ္တဝါမျိုးဖြစ်သည်။ တစ်ကောင်ချင်း သွားလာလေ့ရှိသည်။ သစ်ပင် တက်ကျွမ်းကျင်သကဲ့သို့ ရေကူးလည်းသန်သည်။ ပုတ်သင်၊ ဖား၊ ငှက်နှင့် နို့တိုက်သတ္တဝါများကို ဖမ်းစားလေ့ရှိသည်။ ကျောက်ဂူများအတွင်း ပြုတ်ကျတတ်သော လင်းနို့ငယ်များနှင့် ကြွက်များကိုလည်း ဖမ်းစားတတ်သည်။
နေထိုင်ရာပတ်ဝန်းကျင်
သစ်တောမျိုးစုံအတွင်း နေထိုင်နိုင်သကဲ့သို့ ချုံတောများ၊ စိုက်ပျိုးခင်းများနှင့် လူတို့နေထိုင်ရာ မြို့ရွာအနီးအနားဒေသများထိ လာရောက်တတ်သည်။ မြန်မာနိုင်ငံ မြောက်ဘက်ပိုင်းမှသည် တနင်္သာရီအထိ ပျံ့နှံ့နေထိုင်သည်။ ကမ်းရိုးတန်းရှိ ကျွန်းများ၌လည်း တွေ့ရသည်။