တောကြောင်
ပြင်ပလက္ခဏာ
ဦးခေါင်းပိုင်းနှင့် ခန္ဓာကိုယ်ပိုင်း အရှည် ၅၀-၆၀ စင်တီမီတာ ရှိသည်။ အမြီး ၂၆-၃၁ စင်တီမီတာ ရှည်သည်။ ခန္ဓာကိုယ် ရှည်မျောမျောဖြစ်၍ ခြေတံ လက်တံရှည်ကာ အမြီးမှာ အတော်အတန်တို သကဲ့သို့ ဖြစ်နေသည်။ ခန္ဓာကိုယ် အမွှေးရောင်မှာ သဲရောင်၊ နီညိုရောင်နှင့် မွဲပြာရောင်တို့ ရောနှော ထားသော အရောင်မျိုးဖြစ်လျက် အရောင်တစ်မျိုး တည်း ဖြစ်သကဲ့သို့ ဖြစ်နေသည်။ အကွက်များ၊ အပြောက်များ သိသာပေါ်လွင်မှု မရှိပေ။ ခြေထောက်များနှင့် လည်မျိုပိုင်း၌သာ အနက်ရောင် အစင်းကြောင်းနှင့် အစက်ပြောက်များ ပေါ်လွင် လျက် ရှိနေသည်။ နားရွက်နောက်ဘက် အမွှေး ရောင်သည် အနီရောင်ဖြစ်သော်လည်း နားရွက် အတွင်းဘက်၌ရှိသော အမွှေးစုမှာ အနက်ရောင် ဖြစ်သည်။
ဓလေ့စရိုက်
နေ့ရောညပါ သွားလာလှုပ်ရှားတတ်သည့် သတ္တဝါဖြစ်သည်။ နံနက်အရုဏ်တက်ချိန်နှင့် မှောင်ရီပျိုးချိန်တွင် လှုပ်ရှားမှုများသည်။ သစ်ပင်တက်ခဲ၍ မြေကြီးပေါ်တွင် နေလေ့ရှိသည်။ ရှဉ့် များ၊ ကြွက်များ၊ တောယုန်၊ ပုတ်သင်၊ ဖားနှင့် ငှက်များကို ဖမ်းစားလေ့ရှိသည်။
နေထိုင်ရာပတ်ဝန်းကျင်
မြက်ခင်းပြင်ကျယ်၊ ရွက်ကြွေတော၊ ချုံတောများတွင်လည်းကောင်း၊ စမ်းချောင်းကမ်းနံဘေး တစ်လျှောက်တွင်လည်းကောင်း တွေ့ရှိနိုင်သည်။ မြန်မာနိုင်ငံအနှံ့ တွေ့ရသည်။ သို့ရာတွင် လူတို့ တွေ့လွယ်သောနေရာများတွင် နေထိုင်သဖြင့် အကောင်ရေများစွာလျော့နည်းလာလျက်ရှိသည်။