Skip to main content

ဂဏန်းစားမြွေပါ

ပြင်ပလက္ခဏာ 

ဦးခေါင်းပိုင်းနှင့် ခန္ဓာကိုယ်ပိုင်း အရှည် ၄၄-၄၈ စင်တီမီတာ ရှိသည်။ အမြီးမှာ ၂၆-၃၁ စင်တီမီတာ ရှည်သည်။ အရွယ်ကြီးသည့်  မြွေပါမျိုးဖြစ်၍ ခန္ဓာ ကိုယ် အမွှေးရောင်မှာ အညိုနက်ရောင် သို့မဟုတ် မွဲပြာရောင်ဖြစ်သည်။ အမွှေးတစ်ချောင်းစီတွင် အဖြူ ရောင်အရစ်နှင့် အမည်းရောင်အရစ် တစ်ကျော့စီ ရစ်ပတ်လျက်ရှိသည်။ အမွှေး အနည်းငယ် ကြမ်း၍ ရှည်သည်။ ပါးပြင်အရောင်မှာ အဖြူရောင်ဖြစ်၍ လည်မျိုအပေါ်ပိုင်းသည် အမည်းရောင်ဖြစ်ကာ ရင်ဘတ်ပိုင်း အညိုနက်ရောင် ဖြစ်သည်။ ထင်ရှား သည့် လက္ခဏာအဖြစ် ပါးစပ်အနီးမှသည် မေးရိုး နောက်နှင့် နားရွက်အောက် လည်ပင်းတစ်လျှောက် ဖြတ်လျက် ပခုံးအနီးထိ အလျားလိုက်တန်းလျက် ရှိသော အဖြူရောင်ကွက် တစ်ဖက်တစ်ချက်စီတွင် ရှိနေသည်။ နှာခေါင်းထိပ်ဖျားပိုင်း ပန်းရောင် ဖြစ်နေသည်မှာလည်း ထူးခြားသည်။ ခြေထောက် များ အညိုနက်ရောင်ဖြစ်နေသည်။ အမြီးရှိ အမွှေး များမှာထူပြီး ခပ်ပွပွဖြစ်နေလျက် အဖျားဘက်သို့ ချွန်သွားသည်။ နီဝါညိုရောင် ရှိသည်။ 

ဓလေ့စရိုက် 

ညဘက်ထွက်သည့် သတ္တဝါဖြစ်သော်လည်း နေ့ဘက်တွင်လည်းထွက်တတ်သည်။ မြစ်နား၊ ချောင်းနား၊ ရေကန်အနီးအနားသို့ ဖား၊ ငါး၊ ခရုနှင့် ဂဏန်းများဖမ်းဆီးရန် ရောက်လာတတ် သည်။ ကုန်းပေါ်တွင်လည်းကောင်း၊ ရေထဲ၌လည်းကောင်း သတ္တဝါများကို လိုက်လံဖမ်းဆီးနိုင် စွမ်းရှိသည်။ တစ်ကောင်ချင်းအနေဖြင့်လည်းကောင်း၊ နှစ်ကောင်မှ လေးကောင်အထိ အုပ်စုဖွဲ့၍ လည်းကောင်း သွားလာလှုပ်ရှားလေ့ရှိသည်။ မြေကြီးတွင် ကျင်းတူး၍ နားခိုတတ်သည်။

နေထိုင်ရာပတ်ဝန်းကျင်

ရွက်ကြွေတောများ၊ အင်တိုင်းတောများ၊ တောင်ကုန်းဒေသအမြဲစိမ်းသစ်တောများတွင် လည်းကောင်း၊ ရေနှင့်နီးရာအရပ်ဒေသများတွင်လည်းကောင်း တွေ့ရှိနိုင်သည်။ မြန်မာနိုင်ငံ မြောက်ပိုင်းအစွန်ဆုံးမှလွဲ၍ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ပျံ့နှံ့နေထိုင်သည်။     
 

 

အခြား သတ္တဝါမျိုးစိတ်များ