သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မိတ်ဖက်ကုမ္ပဏီများ၊ CSR အဖွဲ့များ၊ ဆက်စပ်ဌာနဆိုင်ရာ/ အဖွဲ့အစည်းများနှင့် စီမံကိန်းဧရိယာမှ ဒေသခံပြည်သူများ ပူးပေါင်း၍ တောရိုင်းတိရစ္ဆာန်များ၏ နေရင်းဒေသများကို ကာကွယ်ထိန်းသိမ်းရန်နှင့် ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် “နေရင်းဒေသ ပြန်လည်တည်ထောင်ရေး မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲ” ကို ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၄) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီ၌ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ဓာတ်ငွေ့ ပိုက်လိုင်းထိန်းသိမ်းရေးလမ်း (Service track) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါမိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲအခမ်းအနားသို့ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းမှ ဥယျာဉ်အုပ်ချုပ်ရေးမှူးနှင့် စီမံကိန်းဝန်ထမ်းများ၊ ရေဖြူမြို့နယ်၊ သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ မိတ်ဖက်ကုမ္ပဏီ/ အဖွဲ့အစည်းများ၊ ရဲတံခွန်လူမှုစီးပွားစီမံကိန်းမှနှင့် ဒေသခံပြည်သူ စုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး ပျဉ်းကတိုး (၃၅၀) ပင်၊ ပိတောက် (၁၀၀) ပင် အပါအဝင် ဒေသမျိုးရင်းသစ်မျိုး (၇၀၀) ပင်ကို စိုက်ပျိုးခဲ့ကြပါသည်။
