တောဝက်
ပြင်ပလက္ခဏာ
ဦးခေါင်းပိုင်းနှင့် ခန္ဓာကိုယ်ပိုင်း အရှည် ၁.၂-၁.၅ မီတာ ရှိသည်။ အမြီး ၂၀-၃၀ စင်တီမီတာရှည်သည်။ အိမ်မွေးဝက်များနှင့် ခန္ဓာကိုယ်အနေအထားပုံစံတူ သော်လည်း ဦးခေါင်းပိုင်း ပို၍ ကြီးသည်။ လည်ပင်း တိုကာ ကိုယ်ပိုင်းကျစ်လစ်မှုရှိသည်။ ပိုမိုသွက်လက် ချက်ချာသောအမူအရာရှိသည်။ ခန္ဓာကိုယ်ကို အညို နက်ရောင် အမွှေးကြမ်းဖြင့် ဖုံးအုပ်ထားသည်။ ညိုမွဲ ရောင်ဖြစ်နေသော ကိုယ်လုံးပေါ်တွင် ကျောဖက်၌ လည်ဆံမွှေးအရှည် အတန်းလိုက်ခပ်ထောင်ထောင် အနေအထား ပေါက်လျက်ရှိသည်။
ဓလေ့စရိုက်
အုပ်စုလိုက်နေတတ်ပြီး အုပ်စုကို ကောင်ရေ ၃၀ ထက်များသော အရေအတွက်ဖြင့် ဖွဲ့စည်း၍ လှုပ်ရှားသွားလာနေတတ်သည်။ အရွယ်ရောက်ပြီးသော အထီးကောင်များမှာ တစ်ကောင်ချင်း သွားလာတတ်သည်။ အချို့သော အရွယ်ကြီးသည့် တောဝက်များသည် ကျားနှင့် ကျားသစ်ကို ပင် ပြန်၍ တိုက်ခိုက်နိုင်စွမ်းရှိသည်။ နံနက်စောစောနှင့် ညမိုးချုပ်ချိန်တွင် အစာရှာတတ်သည်။ အစုံစားသတ္တဝါဖြစ်သော်လည်း သစ်ဥ၊ သစ်ဖု၊ သစ်မြစ်တို့ကို စားသုံးလေ့ရှိသည်။ စိုက်ခင်း များကို ဝင်ရောက်ဖျက်ဆီးတတ်သည်။ နေ့လယ်ဖက်တွင် တောရိပ်ကောင်းရာအရပ်၌ နားခိုနေ တတ်သည်။ ရွှံ့နွံပျော့ရာနေရာတွင် ကျင်းလူးလေ့ရှိသည်။
နေထိုင်ရာပတ်ဝန်းကျင်
သစ်တော၊ ချုံတော၊ မြက်ခင်းများနှင့် စိုက်ပျိုးခင်းအနီးဒေသများတွင် နေထိုင်လေ့ရှိသည်။ တောင်ယာခုတ်သဖြင့် တောအတန်းအစားကျဆင်းလျက်ရှိသည့်ဧရိယာများတွင် ကောင်းစွာ ရှင်သန်နိုင်သည်။