တောဆိတ်
ပြင်ပလက္ခဏာ
ဦးခေါင်းပိုင်းနှင့် ခန္ဓာကိုယ်ပိုင်း အရှည် ၁၄၀-၁၅၅ စင်တီမီတာ ရှိသည်။ အမြီး ၁၁-၁၆ စင်တီမီတာ ရှည်သည်။ အိမ်မွေးဆိတ်နှင့် အသွင်သဏ္ဍာန်တူညီ သော်လည်း ခန္ဓာပိုင်းတိုကာ ခြေတန်ရှည်လျက်ရှိ သည်။ တောင်ဆိတ်နှင့် ဆင်တူသော်လည်း အရွယ် အစားပိုမိုကြီးမားကာ သန်မာသည့်အသွင်ရှိသည်။ ခန္ဓာကိုယ်အမွှေးများ ကြမ်းတမ်း၍ အတော်အတန် ရှည်သည်။ ခန္ဓာကိုယ်အပေါ်ပိုင်းရှိ အမွှေးအရောင် သည် မွဲပြာရောင် သို့မဟုတ် နီညိုရောင် သို့မဟုတ် အမည်းရောင်ဖြစ်နေပြီး ဝမ်းဗိုက်ပိုင်းတွင် အနည်း ငယ် အရောင်ဖျော့သည်။ လည်ပင်းတို၍ တုတ်ခိုင် သည်။ ကျောဖက်တွင် လည်ဆန်မွှေး ခပ်ရှည်ရှည် ဖြစ်ပေါ်နေသည်။ အထီးရော အမပါ အရစ်ဝိုင်းများ ပါသည့် ချွန်ထက်သော ဦးချိုနှစ်ချောင်းရှိသည်။ နားရွက်ပြားကြီးကာ ရှည်လျားသည်။ မျက်စေ့ ရှေ့နားတွင် မျက်ရည်ခံဂလင်း ထင်ရှားစွာ ပေါ်လွင် လျက်ရှိသည်။ အမြီးငုတ်တိုဖြစ်၍ အမွှေးဖွာသည်။
ဓလေ့စရိုက်
နေ့ရောညပါ သွားလာလှုပ်ရှားတတ်သည်။ အသက်ကြီးသော အထီးကောင်များသာ တစ်ကောင် ချင်း သွားလာလှုပ်ရှားတတ်သည်။ မိတ်လိုက်ချိန်တွင် နှစ်ကောင်တွဲ၍ တွေ့ရသည်။ အများအား ဖြင့် သားပေါက်တစ်ကောင်သာ ရှိတတ်သည်။ မိခင်နှင့် တစ်နှစ်ခန့် အတူနေထိုင်သည်။ တောင် စောင်း၊ တောင်ခါးပန်းများတွင် လျင်မြန်စွာ သွားလာနိုင်စွမ်းရှိသည်။ မြက်နှင့် သစ်ရွက်မျိုးစုံကို စားသုံးသည်။ ကျောက်မိုးနေသည့် ချိုင့် သို့မဟုတ် လဲကျနေသော သစ်ပင်အောက်နေရာများတွင် နားခိုတတ်သည်။
နေထိုင်ရာပတ်ဝန်းကျင်
ကျောက်ဆောင်များ ထူထပ်စွာရှိသည့် သစ်တောများဖုံးအုပ်ထားသော တောင်ကုန်း၊ တောင်တန်းများတွင် ကျက်စားသည်။ အမြင့်ပေ ၇၀၀ မှ ၈၀၀၀ ထိ ရှိသော ကမ်းပါးများ၊ မတ်စောက်သည့် ကျောက်ထူသော တောင်ကုန်းများကို ကြိုက်နှစ်သက်သည်။ ထို ကျောက်ဆောင်များမှ ဝါးပင်ထူရာနေရာများသို့ ရောက်လာကာ အစာရှာစားလေ့ရှိသည်။ အထက်ချင်းတွင်း၊ ရခိုင်ရိုးမ၊ ပဲခူးရိုးမ၊ ရှမ်းကုန်းပြင်မြင့်၊ တနင်္သာရီတောင်တန်းများစသည်ဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ သစ်တောထူထပ်သော တောင်ကုန်းမြင့်ဒေသတို့တွင် တွေ့နိုင်သည်။