ဆတ်
ပြင်ပလက္ခဏာ
ဦးခေါင်းပိုင်းနှင့် ခန္ဓာကိုယ်ပိုင်း အရှည် ၁၈၀-၂၀၀ စင်တီမီတာရှိသည်။ အမြီး ၂၀-၂၅ စင်တီမီတာ ရှည်သည်။ အရွယ်အစားကြီးမား၍ သန်မာကြံ့ခိုင်ပြီး အရပ်မြင့်သည့် အသွင်ရှိသည်။ ခန္ဓာကိုယ်တစ်ခုလုံး ၏ အမွှေးရောင်သည် အညိုရောင်နှင့် နီညိုစပ်ရောင် ဖြစ်သည်။ အမွှေးမှာ ခပ်ကြမ်းကြမ်းအနေအထား ရှိသည်။ အရွယ်ရောက်ပြီး အထီးကောင်များတွင် လည်ဆန်မွှေးများ ရှည်လျားစွာ ဖြစ်ပေါ်နေသည်။ ဦးချိုကြီး၍ သန်မာခိုင်ခန့်သည်။ ဦးချိုတစ်ခုတွင် အတက် ၃ တက်ထွက်လျက်ရှိသည်။ အမြီး၏ အောက်ဖက်မျက်နှာသည် အဖြူရောင်ဖြစ်၍ အချက်ပြရန် အသုံးပြုသည်။
ဓလေ့စရိုက်
ညထွက်သည့်ဓလေ့ရှိသော်လည်း တစ်ခါတစ်ရံ လူသူဝေးကွာသည့် တောနက်ထဲတွင် နေ့လယ် ဖက်တွင် သွားလာတတ်သည်။ အကောင်ရေများစွာ စုဝေး၍ နေတတ်သည်။ သစ်ရွက်များကို စားခြင်းထက် မြက်များကို ပိုမိုစားလေ့ရှိသည်။ ခန္ဓာကိုယ်တွင် ဓာတ်ဆားလိုအပ်၍ ဆားတွင်း ရှိရာကို ရှာဖွေတတ်သည်။ မိတ်လိုက်ရာသီမှာ နိုဝင်ဘာလမှ ဇန်နဝါရီလအထိ ဖြစ်သည်။ ကိုယ်ဝန်ဆောင်ချိန် ရက်ပေါင်း ၂၄၀ ကြာပြီး တစ်ကြိမ်သားမွေးလျှင် တစ်ကောင်သာ ပေါက်ဖွား သည်။
နေထိုင်ရာပတ်ဝန်းကျင်
မြေပြန့်သစ်တောမှသည် တောင်ပေါ်သစ်တောများထိ နေထိုင်သည်။ မြစ်ချောင်းထိပ်ဖျားပိုင်း သစ်ပင်ထူထပ်စွာပေါက်ရောက်နေသည့် တောင်ကမ်းပါးနေရာများကို ကြိုက်နှစ်သက်သည်။ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် တွေ့ရှိနိုင်သည်။