သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းသည် သစ်တောဦးစီးဌာနရှိ ဘာသာရပ်ကျွမ်းကျင်ပညာရှင်များဖြင့် ဆဋ္ဌမ (၄) နှစ်တာစီမံကိန်းအုပ်ချုပ်လုပ်ကိုင်မှုစီမံချက် (Operational Management Plan Phase VI)ကို ရေးဆွဲဆောင်ရွက်လျက်ရှိပါသည်။ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၏ ဆဋ္ဌမ (၄) နှစ်တာ အုပ်ချုပ်လုပ်ကိုင်မှုစီမံချက် ပူးပေါင်းရေးဆွဲရေးကြီးကြပ်ကော်မတီ ဒုတိယအကြိမ်အစည်းအဝေးကို ၁၀-၁၂-၂၀၂၅ ရက်နေ့ (ဗုဒ္ဓဟူးနေ့) နံနက်(၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦးမှ တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အစည်းအဝေးသို့ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း)၊ ညွှန်ကြားရေးမှူးများနှင့်စီမံချက်ရေးဆွဲရေးအဖွဲ့ဝင်များ၊ စီမံကိန်းဝန်ထမ်းများတက်ရောက်ခဲ့ပြီး စီမံကိန်းဒါရိုက်တာမှ အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်ပူးပေါင်းရေးဆွဲရေးကြီးကြပ်ကော်မတီပထမအကြိမ်အစည်းအဝေး ဆုံးဖြတ် ချက်များအား ဆောင်ရွက်ပြီးစီးမှုများကိုတင်ပြခဲ့ပြီး စီမံချက်ရေးဆွဲရေးအဖွဲ့များကိုယ်စား ဒေါက်တာဝင်းမောင်အေး၊ ဒုတိယညွှန်ကြားမှူးမှ အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်ရေးဆွဲပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ကြပါသည်။
