တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းအနေဖြင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားရေး နှင့်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်ကူပြုပေးခြင်း အားဖြင့် ဒေသခံပြည်သူများက သဘာဝကြိုးဝိုင်းနှင့်ဇီဝမျိုးစုံမျိုးကွဲများ၏တန်ဖိုးကို သိမြင် နားလည်လာပြီး ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်လာစေရန် ရည်ရွယ်ချက်ဖြင့် စီမံကိန်းဧရိယာ ရှိ ကျေးရွာများတွင် သောက်သုံးရေရရှိရေး ရေပိုက်နှင့်ပိုက်ဆက်ပစ္စည်းများကို ပံ့ပိုးကူညီလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း သာယာမွန်ကျေးရွာနှင့် သက္ကယ်ကွက် ကျေးရွာတို့အား ရေပိုက်နှင့် ပိုက်ဆက်ပစ္စည်း (၆) မျိုး ပံ့ပိုးပေးအပ်ခြင်း အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့ နံနက် (၀၉:၀၀) နာရီတွင် မိကျောင်းလှောင်းစခန်းခွဲ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိပညာပေး ခန်းမ (Environmental Education Center – EEC) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ မိတ်ဖက်ကုမ္ပဏီ/ အဖွဲ့အစည်းများဖြစ်ကြသည့် အက်ဒမန်ပို့ဆောင် ရေးလီမိတက် (ATL)၊ ရတနာ-ဇောတိက လူမှုစီးပွားစီမံကိန်းနှင့် ရဲတံခွန်လူမှုစီးပွားဖွံ့ဖြိုးမှုစီမံကိန်း တို့မှ တာဝန်ရှိသူများ၊ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းမှ စီမံကိန်းဒါရိုက်တာနှင့် စီမံကိန်း ဝန်ထမ်းများ၊ စီမံကိန်းဧရိယာရှိ သာယာမွန်၊ မိကျောင်းလှောင်း (ရွာဟောင်း)၊ မိကျောင်းလှောင်း (ရွာသစ်)၊ ဇင်းဘာ၊ ရေပုံးနှင့် သက္ကယ်ကွက်ကျေးရွာများမှ ဒေသခံများအပါအဝင် စုစုပေါင်း (၆၀) ဦး တက်ရောက်ခဲ့ကြပါသည်။
